နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေမှ လှူဒါန်းသော ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်

by Thinmbadm1n / Jul 12, 2015 / comments

နေပြည်တော် ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၁၂ ရက်

     ရခိုင်ပြည်နယ်တွင် ဇွန်နောက်ဆုံးအပတ်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် နိုင်ငံတော် သမ္မတ၏ သီးသန့်ရန်ပုံငွေမှ လှူဒါန်း သော ရေဘေးသင့်ပြည်သူများ အတွက် လတ်တလော လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းများကို ရန်ကုန်မြို့မှတစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်ရာ ယနေ့မွန်းလွဲ ၂နာရီ ၅၅မိနစ် တွင် စစ်တွေ လေဆိပ်သို့ ရောက်ရှိသည်။

     ထို့နောက် လေဆိပ်ဧည့်ခန်းမဆောင်၌ ထောက်ပံ့ရေးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ တပ်မတော် အရာရှိကြီးများ ပြည်နယ်ဝန်ကြီးများ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင်နှင့် တာဝန်ရှိသူများက ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးထံ ထောက်ပံ့ရေး ပစ္စည်း များဖြစ်သော စောင်အထည် ၄၀၀၀၊ ခြင်ထောင် အထည် ၄၀၀၀၊ စားဆီ ၁၆ ပီပါ၊ ဆန်အိတ် ၂၀၀၀၊ ပဲအိတ် ၁၂၀၊ Solar မီးအိမ် ၇၀၀၊ Family Kit အထုပ် ၇၀၀ တို့ကို ပေးအပ်ကြောင်း သတင်းရရှိသည်။