နယ်စပ်ဒေသအသီးသီးမှ လူငယ်မောင်မယ်များ ဆဋ္ဌမအကြိမ်မြောက် နေပြည်တော်နှင့်ပတ်ဝန်းကျင် လေ့လာရေးခရီးစဉ် ဒုတိယနေ့ ဆက်လက်လေ့လာ

by Thinmbadm1n / Jan 29, 2019 / comments

နေပြည်တော်၊ ဇန်နဝါရီလ ၂၉

          နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ဝါးထင်ထင် လေ့လာတွေ့ရှိပြီး လေ့လာရေးခရီးစဉ်မှ ရရှိသည့် အတွေ့အကြုံကောင်းများကို မိမိတို့နယ်စပ် ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိရောက်စွာ ပြန်လည်အသုံးချနိုင်ရန်နှင့် တစ်အူထုံ့ဆင်း ညီရင်းအစ်ကို မောင်ရင်းနှမများပမာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု၊ ချစ်ခင်မှု၊ ယုံကြည်မှုတို့ဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်များ ရှင်သန်ပွားများ ခိုင်မာလာစေရန် ရည်ရွယ်၍ နယ်စပ်ဒေသအသီးသီးမှ ဖိတ်ကြားထားသည့် လူငယ်မောင်မယ်များ၏ ဆဋ္ဌမအကြိမ်မြောက် လေ့လာရေးခရီးစဉ် ဒုတိယနေ့အဖြစ် ယနေ့နံနက်ပိုင်းတွင် မဟာသကျရံသီဘုရားသို့ သွားရောက် ဖူးမြော်ကြည်ညိုခဲ့ကြရာ ဂေါပကအဖွဲ့က လိုက်လံရှင်းလင်းတင်ပြခဲ့ကြပြီး လေ့လာရေးအဖွဲ့ဝင် များက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။

          ထိုမှတစ်ဆင့် လူငယ်မောင်မယ်လေ့လာရေးအဖွဲ့များသည် သူရဲကောင်းစစ်သည်ဗိမာန်သို့ သွားရောက်၍ ဗိမာန်တော်အတွင်း လှည့်လည်ကြည့်ရှုလေ့လာ၍ သူရဲကောင်းစစ်သည်များအား ဂါရဝပြုခဲ့ကြသည်။

          ထို့နောက် တပ်မတော်စစ်သမိုင်းပြတိုက်သို့ ရောက်ရှိခဲ့ကြပြီး ပြတိုက်အတွင်း လေ့လာရာ တာဝန်ရှိသူများက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့်အတူ ယှဉ်တွဲပေါက်ဖွားလာသည့် တပ်မတော်သမိုင်းကို Video Projector ဖြင့်ပြသပေးခဲ့ပြီး ပြတိုက်အတွင်းရှိ ခင်းကျင်းပြသ ထားသော ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်စစ်ဆင်ရေး မှတ်တမ်းများ၊ ဗမာ့ကာကွယ်ရေး တပ်မတော်သုံးပစ္စည်းများနှင့် လက်နက်များ၊ တပ်မတော် (ကြည်း၊ရေ၊လေ) ပြခန်းများအား ကြည့်ရှုလေ့လာခဲ့ကြောင်းသတင်းရရှိသည်။