နယ်စပ်ဒေသအသီးသီးမှ လူငယ်မောင်မယ်များ ဆဋ္ဌမအကြိမ်မြောက် လေ့လာရေးခရီးစဉ် စတုတ္ထနေ့အဖြစ် နေပြည်တော်အတွင်း ဆက်လက်လေ့လာ

by Thinmbadm1n / Jan 31, 2019 / comments

နေပြည်တော်၊ ဇန်နဝါရီ ၃၁

          နယ်စပ်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နေပြည်တော်သို့ ရောက်ရှိနေသော နယ်စပ်ဒေသ အသီးသီးမှ လူငယ်မောင်မယ်များသည် ဆဋ္ဌမအကြိမ်မြောက် လေ့လာရေးခရီးစဉ် စတုတ္ထနေ့အဖြစ် ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းသို့ ရောက်ရှိကြပြီး အားကစားနည်းအလိုက် လေ့ကျင့်နေမှုများ၊ အပြည်ပြည်ဆိုင်ရာပြိုင်ပွဲဝင် အားကစားနည်းများ ပြခန်း၊ အားကစားနည်းအလိုက်ပြိုင်ပွဲ မှတ်တမ်းတင်ဓာတ်ပုံများကို ကြည့်ရှုလေ့လာရာ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း တာဝန်ခံကလိုက်လံ ရှင်းလင်း ပြသခဲ့သည်။

          ဆက်လက်၍ တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (MWD) သို့ ရောက်ရှိလေ့လာရာ တာဝန်ရှိသူတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အဆိုအကများနှင့် ဖျော်ဖြေခဲ့သည်။ ထို့နောက် မြဝတီရုပ်မြင်သံကြား၏ နောက်ခံသမိုင်းကို (Video Projector) ဖြင့် ပြသခဲ့ပြီးနောက် လေ့လာရေးအဖွဲ့ဝင်များက ရိုးရာယဉ်ကျေးမှုများအား ဖလှယ်ခြင်းအစီအစဉ်အရ ရိုးရာအကများဖြင့် သီးခြားစီ ကပြဖျော်ဖြေခဲ့ပြီး လေ့လာရေး အထိမ်းအမှတ်အလံအား အပြန်အလှန် ပေးအပ်ခဲ့သည်။ ဆက်လက်၍ မြဝတီစာပေတိုက်ထုတ် စာအုပ်များနှင့် စာစောင်များအား လေ့လာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံ လက်ဆောင်ပေးအပ်ခဲ့သည်။

ထို့နောက် လူငယ်မောင်မယ်လေ့လာရေး အဖွဲ့ဝင်များသည် မြဝတီရုပ်မြင်သံကြားထုတ်လွှင့်ရေး စက်ရုံအတွင်းရှိ သတင်းရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း၊ သတင်းထုတ်ပြန်ခြင်း ဆောင်ရွက်နေမှု များအား လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့သည်။

          ထို့နောက် လူငယ်မောင်မယ်လေ့လာရေး အဖွဲ့ဝင်များသည် နေ့လည်ပိုင်းတွင် အမျိုးသား ပြတိုက်သို့သွားရောက် လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။