'' နေရစ်ခဲ့တော့ ဟောင်သရောမြစ်....ရေ''

ဟောင်သရောမြစ်ကူး ကြာအင်းကျေးရွာ တံတားကို အဝေးမှ တွေ့ရစဉ်

     ဟောင်သရောမြစ်ထဲမှာ စက်လှေစီးနေစဉ်ခဏ၊ ဖျတ်ကနဲ အတွေးရောက်လိုက်တာကတော့၊ သြော်... နယ်စပ်ဒေသတွေကို သွားရင်းလာရင်း စက်လှေ၊ စပိဒ်ဘုတ် စီးရတဲ့ ခရီးတော်တော်များများနဲ့လည်း ကြုံခဲ့ရပါပကောလားဟူ၍ပင်...။ ကြည့်လေ- နာဂဒေသလို့ ပြောလိုက်သည်နှင့် လူတော်တော်များများကတော့ နာဂတောင် တန်းကြီးများကို ပြေး၍ မြင်ကြမည်သာ။ အကောက်အကွေ့များစွာနှင့် မြင့်မားဝေသီနေသော လဟယ် -ဒုံဟီးလမ်း မိုင်(၆ဝ)၊ ဟိုဘက် ဆက်သွားလျှင် ဒုံဟီး-နန်းယွန်း လမ်း စသည်ဖြင့်။ သို့သော်ငြားလည်း နန်းယွန်းမြို့နယ်ထဲက ဦးကွမ်ဘေး တို့ နာဂငြိမ်းချမ်းရေးအဖွဲ့များရှိရာ တကားကျေးရွာကို သွားသောခရီးစဉ်၌ ခန္တီးမှ ချင်းတွင်း မြစ်အတိုင်း တိုက်တီးသို့ စက်လှေ(၃)ဆင့်ပြောင်း၍ စီးရသည်။ ထိုခရီး၌ သဘာဝအတိုင်း ဖြစ်တည်နေသော ဆည်ကြီး၊ ကျောက်စိမ်းဆည်ဆိုသည့် ကျောက်တုံး ကျောက်ဆောင်ကြီးများကို ကျော်ဖြတ်၍ သွားရသောကြောင့် စက်လှေကို ဟိုဘက်ခရီး၊ သည်ဘက်ခရီး ပြောင်း၍စီးကြရပုံ၊ နတ်သမီးဆည်ကိုဖြတ်ရပုံ၊ တကားရွာမှ အပြန် တကားချောင်းအတိုင်း စက်လှေစီး၍ တနိုင်းခချောင်းနှင့် ဝိုင်ပုံသဏ္ဍန်နေရာတွင် ပြန်လည်ပေါင်းဆုံကြပုံတို့အား ''တနိုင်းခကိုဖြတ်ခဲ့သည် '' ဆောင်းပါး၌ ကျွန်တော် ရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။

     အလားတူ ရခိုင်ဒေသခရီးစဉ်မှာရော မင်းချောင်းတံတားကြီးအောက်မှနေ၍မေယုမြစ်အတိုင်း ဘူးသီးတောင်သို့ စပိဒ်ဘုတ်စီးပြီးသွားခဲ့ရသလို စစ်တွေမှ ဖရုံကာ ကျွန်းစုများသို့ သွားရာတွင်လည်း စက်လှေစီး၍သွားခဲ့ကြရသည်။ လှိုင်းကြီးလေထန်ချိန်တွေလည်း ရှိခဲ့သပေါ့။ သို့တစေ ငါဟဲ့ ဧရာဝတီတိုင်းသား၊ ငယ်စဉ်ကျောင်းသား ဘဝကတည်းက ငဝန်မြစ်ထဲက လှေ တစ်စီးပေါ်မှာ ဦးပဲပေါက်ပေါက်၊ ပဲ့ကပဲထိုင်ထိုင် မြင်းဇက်ကို ကိုင်သကဲ့သို့ လှေနဲ့ရေကို နိုင်ခဲ့သူတွေပဲလေ၊ ဘဇာကိုမှုရမတုန်း ဆိုသည့်စိတ်ဖြင့် သွားခဲ့လာခဲ့သည်ချည်းသာ။ အမှန်တစ်ကယ် လည်း သည်လို ရေလမ်းခရီးတွေကို သဘောကျနှစ်ခြိုက်မိပါသည်။ သွားရင်းလာရင်းနှင့်လည်း မိမိဇာတိ မြေက ငယ်စဉ်တောင်ကျေး ကလေးဘဝတွေကို ပြန်လည်သတိရ တမ်းတခဲ့မိသည်။ ရှမ်းပြည်နယ်တောင်ပိုင်းမှ ဟိုမိန်းလို နေရာမျိုးကို သွားရင်တော့ဖြင့် သံလွင်မြစ်ကို တာစွတ်တိန်း ကူးတို့ ဆိပ်မှာ ကားကူး ကူးတို့ဖောင်ဖြင့် ဖြတ်ကျော်ရသည်။ ထိုသို့သော အချိန်မျို တွင် လည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ တာကော်အက် ကူးတို့ဆိပ် နှင့် နမ့်တိန်းချောင်းတို့တွင် တံတားကြီးများဖြစ်ပေါ်မလာမှီ ပွန်တွန်းကူးတို့ဖောင်များ ဖြင့်ကူးကြရသော ၁၉၈ဝ ပြည့်လွန်များ ဆီသို့ စိတ်အာရုံက အလိုလို ရောက်သွားတော့၏။

တောင်ကမ္မရိုက်ကျေးရွာ ဆိပ်ကမ်း တစ်နေရာ

     ယခုလည်း ဟောင်သရောမြစ်ထဲမှာ စက်လှေစီးရင်း အတွေးပင်လယ်ကြောမှာ မျောနေသည့် ကျွန်တော့် စိတ်အာရုံတွေကို ပြန်လည်စုစည်း လိုက်မိသောအခါ မကြာ မီကမှ ဖွင့်လှစ်ခဲ့သော ကြာအင်းတံတားကြီးနှင့် စက်လှေစတင်ထွက်ခွာလာသည့် ကြာအင်းကျေးရွာ ဆိပ်ကမ်းလေးက တော်တော်ဝေးဝေးမှာ ကျန်ခဲ့ပါပကောလား။ စက်လှေပေါ်မှာ အတူပါလာသူများကတော့ DKBA (ကလိုထူးဘော)အဖွဲ့မှ ဦးစောမိုရှေး၊ ကရင် ပြည်နယ်ဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးသက် နောင်၊ နတလရုံးချုပ်မှ ကျွန်တော်နှင့်အတူ လိုက်ပါလာသည့် လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်ဝင်း၊ မိတ်ဆွေများဖြစ်ကြသော ဦးခင်မောင်ဝင်း၊ ဦးအောင်ကျော် ထွဋ် အလွန်ရီစရာ၊ မောစရာပြောတတ်သော ကရင်တိုင်းရင်းသားကိုထိခေါင်တို့ အပါ အဝင် ဦးစောမိုရှေး၏ DKBA (ကလိုထူးဘော) တပ်ဖွဲ့ဝင်များဖြစ်ကြသည်။ သွားရင်းလာရင်းနှင့် ကလိုထူးဘော၏ အဓိပ္ပါယ်ကို မေးမြန်းကြည့်ရာ ကလိုဆိုတာက ကရင်လိုဖားစည် ဖြစ်ကြောင်း၊ ထူးကရွှေ၊ ဘောဆိုသည်မှာ အဝါရောင်၊ အားလုံး ပေါင်းလိုက်သောအခါ ရွှေဝါရောင်ဖားစည်ဟု အဓိပ္ပါယ်ရကြောင်းသိရသည်။ ထိုနည်းတူစွာ ကိုထိခေါင်ရေ- ခင်ဗျားအမည်က စိုးလွင်လွင်ရဲ့ ဒုံးယိမ်းညသီချင်းထဲက ထိခေါင်-ထိခေါင်-ထိခေါင်လားဟေ့နဲ့ တူသလားမေးတော့ သူကရီလျှက် အဲသည်လိုမျိုး အတူတူပါပဲ၊ နိုင်ငံ (သို့မဟုတ်) တိုင်းပြည်ပေါ့ဗျာတဲ့။ ခမရ (၁၄) ကျောက်ဆည် မှာနေတုန်းက ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးစောစေးဝါးညွှန့်၊ အန်တီလုတို့မိသားစုနှင့် ရင်းနှီး ခင်မင်သောကြောင့် ကရင်စကား တစ်ခွန်းစနှစ်ခွန်းစ သင်ယူနားထောင် ခဲ့ ဖူးကြသည်။ အခုလည်း ထိခေါင်ဆိုတာ ပိုးကရင်စကားပါဟု ကိုထိခေါင် က ရှင်းပြသည်။ ခရီးသွားနေတုန်းကတော့ ကျွန်တော်တို့ရောက်ခဲ့သည့် ကမ္မရိုက်ကျေးရွာ၏ အမည်နာမအဓိပ္ပါယ် ကို မေးမလာမိခဲ့။ နတလ ရုံးချုပ်သို့ ပြန်ရောက်တော့မှ ကရင်တိုင်ရင်းသူဝန်ထမ်းများဖြစ်သော လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နော်စီဘလု နှင့် ဒုဦးစီးမှူး မေချမ်းမြေ့အောင်တို့ကို မေးမြန်း ကြည့်ရာ ကမ္မရိုက်ဆိုတာ တလိုင်းကရင် စကားအရတော့ လာပါ၊ လာပါလို့ အဓိပ္ပါယ်ရကြောင်းသိရသည်။ ဒါဆိုရင် ဟောင်သရောမြစ်၏ တစ်ဖက်ကမ်းဆီမှာရှိနေသော မြောက်ကမ္မရိုက်နှင့် တောင်ကမ္မရိုက်ကျေးရွာများ၊ တောင်ကမ္မရိုက်ရွာ၏ တောင်ဘက်ရှိ ကမ္မရိုက်လေး ကျေးရွာ များသည် မိတ်ဆွေသဂင်္ဟများကို အမြဲတမ်း ဖိတ်ခေါ်ကြိုဆိုနေသည့် ရွာများဖြစ်လို့နေသည်ပေါ့။ ခါတစ် လှည့်လာခဲ့ပါ့ ကမ္မရိုက်ကျေးရွာဟူ၍များ ဖိတ်ခေါ်နေကြလျော့ သလားမသိ။

     ကမ္မရိုက်ကျေးရွာများသို့ ကျွန်တော်တို့ရောက်ရှိရခြင်းအကြောင်းအရင်းကို ယခုမှစပြီးပြောရပါတော့မည်။ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ချမှတ်ထားသော မူဝါဒများအရ နယ်မြေဒေသတစ်ခုခု၌ လမ်း/တံတားလုပ်ငန်းအပါအဝင် အခြားသော ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဆိုပါက ဒေသ အတွက် အမှန်တစ်ကယ်အကျိုးပြု/မပြု၊ ထိုအကျိုးကျေးဇူးကို ခံစားရမည့် ကျေးရွာအုပ်စု၊ ကျေးရွာပေါင်း၊ လူဦးရေ စသည်စသည်တို့၏ လွှမ်းခြုံမှု၊ အခြားသော ဝန်ကြီးဌာန၊ ဦးစီးဌာနများ၏ လုပ်ငန်းများနှင့် လုပ်ငန်ချင်း ထပ်နေ/ မနေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့များ၏ သဘောထား၊ နယ်မြေတည်ငြိမ် အေးချမ်းမှုနှင့် နိုင်ငံတော်၏ပထဝီအနေအထားကို ထိပါးနိုင်သော လုပ်ငန်းမျိုးဖြစ်နေပါက တိုင်းစစ်ဌာနချုပ်များ၏ သဘောထားအမြင် စသည်တို့ကို ကြိုတင်သိရှိ ရယူထားနိုင်ရေးအတွက် ဦးစီးဌာနအလိုက် တာဝန်ရှိသူများက သက်ဆိုင်ရာနယ်မြေသို့ ကွင်းဆင်းဆောင်ရွက်ကြရ မည်ဖြစ်သည်။ ယခုလည်း ကျွန်တော်တို့အဖွဲ့ အနေဖြင့် ဒေါနတောင်တန်းအနောက်ခြမ်းတွင် တည်ရှိနေသော ကမ္မရိုက်ကျေးရွာဒေသများတွင် လမ်းဖောက်လုပ်ပေးရေး လုပ်ငန်း၊ ဒေသခံများ အားထား စိုက်ပျိုးနေသည့် စပါးစိုက်ပျိုးရေးလုပ်ငန်းအတွက် တတ်နိုင်သည့်ဖက်မှ ကူညီပေးနိုင်ရေး ထိုဒေသများတွင် လေ့လာကြည့်ရှုနိုင်ရန် ကွင်းဆင်းခဲ့ကြခြင်းဖြစ်သည်။

     တောင်ကမ္မရိုက်ကျေးရွာအပါအဝင် ပါတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံတိုင်းရင်းသားများအတွက် တောင်ကမ္မရိုက်-ကမ္မရိုက်လေး၊ မြေလမ်း (၄)မိုင် (၅)ဖာလုံကို ဖောက်လုပ်ပေးနိုင်ပါက ပြည်နယ်အစိုးရ၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် နယ်စပ်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးမည့်n သမိန်ဒွတ်-ကျွဲဖြူအင်း-ဆင်ကူး-ကညင် တိုက်မြေလမ်း (၉)မိုင်နှင့် ဆက်စပ်မိပြီး ကျိုက်မ ရောမြို့နှင့် မော်လမြိုင်မြို့များသို့လည်းကောင်း၊ ကညင်တိုက်မှတစ်ဆင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းသို့လည်း ကောင်း ကူးသန်းသွားလာရောင်းဝယ် ဖောက်ကားနိုင်ကြမည်ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အမျှ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သကဲ့သို့ ထိုဒေသရှိ ရင်သွေးငယ်များ၏ ပညာရည်မြင့်မားရေးအတွက်လည်း များစွာ အထောက်အကူပြုမည်ဖြစ်ပေသည်။ တောင်ကမ္မရိုက်ကျေးရွာတွင် အခြေခံပညာအထက်တန်းကျောင်းခွဲ ဖွင့်လှစ်ခွင့်ရရှိထားပြီး ကျောင်းသား/ကျောင်းသူ (၃၄၆)ဦး တက်ရောက် သင်ကြား လျှက်ရှိသည်။ ကျောင်းအုပ်ဆရာကြီး ဦးအုန်း သိန်းမှာ ဧရာဝတီတိုင်းသားဖြစ်၍ အမျိုးစပ်ပြီးရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သေး၏။ ကမ္မရိုက်လေး ကျေးရွာတွင်လည်း အခြေခံပညာ မူလတန်း လွန်ကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းသား/ကျောင်းသူပေါင်း (၁၉၄)ဦး တက်ရောက်သင်ယူလျှက်ရှိကြသည်။ ကမ္မရိုက်ကျေးရွာများနှင့် လာလယ၊ ကျွဲဖြူအင်း၊ ကော့ခီး၊ ခူနီ၊ ဝင်းဒဝယ်၊ ကညင်ကတိုက်၊ သမိန်ဒွတ်၊ ကညင်ကျောက်ဖြာ၊ မွန်ကုန်း ကျေးရွာများအပါအဝင် ထိုဒေသနေ ကရင် တိုင်းရင်းသားသွေးချင်းများသည် လယ်ယာစိုက်ပျိုးခြင်းကို အားထားလုပ်ကိုင်လျက် ရှိကြရာ စိုက်ပျိုးဧက (၄ဝဝဝ) ကျော် တွေ့ရှိခဲ့ရသည်။

     ဟောင်သရောမြစ်အတိုင်း စုန်ဆင်းလာရာမှ ကမ္မရိုက်ကျေးရွာသို့ ရောက်ခါနီးတွင် တင့်တယ်သပ္ပါယ်စွာ စံနေတော်မူသော စေတီတစ်ဆူကို လှမ်း၍ဖူးမြော်လိုက်ရ သည်။ ဘုန်းတော် ကြီးကျောင်းကလည်း အတော်ပင် ကြီးမားလှသည်။ ကျေးလက်ကျန်းမာရေးဌာနခွဲလည်းရှိသည်။ တစ်လက်စတည်းဆက်ပြောရလျှင် နယ်စပ်ရေးရာ ဝန်ကြီးဌာနကဆောင်ရွက်ပေးမည့် လမ်း/တံတားလုပ်ငန်းများအပေါ်လည်း အလွန်မျှော်လင့်အားထားလျှက်ရှိကြောင်းတွေ့ရသည်။ လမ်းဖောက်မည့်နေရာသို့ လိုက်လံ ပြသပေးကြသူများထဲတွင် ကျေးရွာအလိုက် အုပ်ချုပ်ရေး မှူးများ ပါဝင်သကဲ့သို့ ရွာသားဦးရေကလည်း မနည်းမနော တစ်ရွာလုံးနီးပါးဟုသာ ဆိုလိုက်ချင် တော့သည်။ တစ်ပျော်တစ်ပါးလိုက်၍ ပြသပေးကြသည်။ ဆရာကြီးဦးအုန်းသိန်း၏ တပည့်များဖြစ်သော ဆရာမများ၊ ကျောင်းသူများချက်ပြုတ်ကျွေးမွေးသည့် ကရင်တိုင်းရင်းသား ရိုးရာ ထမင်း၊ ဟင်းများကို စားရ သည်မှာလည်း ခံတွင်းတွေ့လှ၏။ စေတနာ ဗလပွနှင့်မို့ ကျေးဇူးလည်းတင်ရပါပေသည်။

     ကမ္မရိုက်ဒေသမှာ ညအိပ်ခွင့်မရခဲ့။ နောက်တစ်နေ့ခရီးစဉ်မှာ မြဝတီမှတစ်ဆင့် ဆုံဆည်းမြိုင်၊ ဝေါလေဒေသသို့ သွားရောက်ရန်ဖြစ်ပါသည်။ သည့်အတွက် ယနေ့ည မှာပင် မြဝတီမြို့သို့အရောက် ခရီးဆက်ကြရပေဦးမည်။ ကမ္မရိုက်ကျေးရွာမှ ပြန်အထွက် စက်လှေပေါ်မှနေ၍ စေတီတော်မြတ်ကို ဦးခိုက်ခဲ့ပါသည်။ ရေဆန် ဖြစ်သော် လည်း ဟောင်သရောမြစ်ပေါ်မှာ စက်လှေကလေးက တစ်ရိပ်ရိပ်ပြေးလျှက်။ ကြာအင်းကျေးရွာ ဆိပ်ကမ်းအတက်တွင်မူ မြစ်ပြင်သို့ သမင်လည်ပြန် စောင်းငဲ့ကြည့်ရင်း သံယောဇဉ်ကြီးစွာ နှုတ်ဆက်လိုက်မိသည်။ နေရစ်ခဲ့ တော့ ဟောင်သရောမြစ် ....ရေ။

             မြင့်စိုး (နတလ)