ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ လူမျိုးစုရေးရာကော်မတီ၏ ဒုတိယဝန်ကြီးနှင့် ဒုတိယဥက္ကဌ ဖြစ်သူ H.E.Mr.Phan Van Hung အား လက်ခံတွေ့ဆုံ

by ThuzarMbadm1n / May 07, 2019 / 0 comments

နေပြည်တော်၊ မေလ    ၇   ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိ နေသော ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ လူမျိုးစုရေးရာကော်မတီ၏ ဒုတိယဝန်ကြီး နှင့် ဒုတိယဥက္ကဌ ဖြစ်သူ H.E.Mr.Phan Van Hung ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၁၀) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။

          ထိုသို့တွေ့ဆုံရာတွင် လက်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ တို့အကြား ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍများတွင် ဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်ကာလကြာရှည်စွာ ဖြစ်တည်ခဲ့သည့် ချစ်ကြည် ရင်းနှီးမှုပူးပေါင်းဆက်ဆံ ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ မဟာမဲခေါင် (CLMV) ဒေသခွဲ အဖွဲ့ဝင် နိုင်ငံများ၊ ဒေသတွင်း နိုင်ငံများပါဝင်သည့် အစည်းအဝေးများတွင် ဘက်မလိုက်စွာဖြင့် ရပ်တည်၊ ထောက်ခံ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် လူမျိုးစုရေးရာ ကော်မတီတို့အကြား ၁၉၉၄ ခုနှစ်မှ စတင်ခဲ့သည့် (Memorandon of Understanding MoU) အရ နှစ်ဖက်တာဝန်ရှိသူများ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ခြင်း၊ ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာ ရည်မှန်းချက်အရ အကောင် အထည်ဖော် ဆောင်ရွက်နေသော အဓိကလုပ်ငန်း တာဝန် (၂)ခု ဖြစ်သည့် မြန်မာနိုင်ငံနယ်စပ်ဒေသ အတွင်း အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ လူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ဆောင်ရွက်နေမှုအခြေအနေများ၊ အနာဂါတ် ကာလတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်၍ စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

          ဆက်လက်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ အစည်းအဝေးကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ လူမျိုးစုရေးရာကော်မတီ ဒုတိယဝန်ကြီး နှင့် ဒုတိယဥက္ကဌ ဖြစ်သူ H.E.Mr.Phan Van Hung တို့ ဦးဆောင်၍ ကျင်းပခဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွင် နယ်စပ်ဒေသများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံများ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုး ရေး ဒီဂရီကောလိပ် (၂) ခု (ရန်ကုန်၊စစ်ကိုင်း)၊ လူငယ်သင်တန်းကျောင်း (၄၅) ကျောင်း ဖွင့်လှစ်၍ လေ့ကျင့် သင်ကြားပို့ချပေးနေမှု အခြေအနေများ၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (၄၅) ကျောင်း နှင့် စက်မှုလက်မှု သင်တန်းကျောင်း (၉) ကျောင်း ဖွင့်လှစ်သင်ကြားပေးနေမှု အခြေအနေများ၊  နယ်စပ်ရေးရာဝန်ကြီးဌာန နှင့် လူမျိုးစုရေးရာ ကော်မတီတို့အကြား ချစ်ကြည်ရေး အလည်အပတ် ခရီးစဉ်များ အပြန်အလှန် သွားရောက်ခဲ့ကြသည့် အတွက် နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးတက်ခိုင်မာမှှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများ၊ အချင်းချင်း အပြန်အလှန်ယုံကြည်မှု၊ လေးစားမှု၊ နားလည်မှု၊ ချစ်ခင်မှုတို့ဖြင့် စည်းလုံးညီညွတ်ရေး အတွက် အဓိက ဦးတည်ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ နှစ်ဦးနှစ်ဖက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

          ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ လူမျိုးစုရေးရာကော်မတီ ဒုတိယဝန်ကြီး နှင့် ဒုတိယဥက္ကဌ H.E.Mr.Phan Van Hung ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ညစာဖြင့် တည်ခင်းဧည့်ခံ ခဲ့သည်။