မြန်မာ-အိန္ဒိယချစ်ကြည်ရေးစီမံကိန်းအရ အိန္ဒိယသမ္မတနိုင်ငံ၏ ဒုတိယအကြိမ် အထောက်အပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မဏိပူရ်မြစ်ကူး (ဒါတ်တား)တံတားဖွင့်ပွဲအခမ်းအနားကျင်းပ

by ThuzarMbadm1n / May 13, 2019 / 0 comments

နေပြည်တော်  မေ  ၈ ရက်

          မြန်မာ-အိန္ဒိယချစ်ကြည်ရေးစီမံကိန်းအရ အိန္ဒိယသမ္မတနိုင်ငံ၏ ဒုတိယအကြိမ် အထောက် အပံ့ ရန်ပုံငွေ(၅၁၀.၀၀၀) ကျပ်သန်းဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက် ပြီးစီး ခဲ့သည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မဏိပူရ်မြစ်ကူး(ဒါတ်တား) (၃၀၀x၁၄)ပေ သံမဏိသံဘောင် ကြိုးတံတားသစ် ဖွင့်ပွဲအခမ်းအနားကို (၇-၅-၂၀၁၉)ရက်နေ့တွင် အဆိုပါတံတား၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး H.E.Mr.Sauraid Kumar ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ဝင်း၊ ချင်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ညွှန်ကြားရေးမှူး၊  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများတက်ရောက်ကြသည်။

          ရှေးဦးစွာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် တို့မှ မဏိပူရ် မြစ်ကူး (ဒါတ်တား) တံတားသစ်တည်ဆောက်ပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

          ထို့နောက် အခမ်းအနားအစီအစဉ်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး H.E.Mr.Sauraid Kumar ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ဝင်းနှင့် တာဝန်ရှိ သူများမှ မဏိပူရ်မြစ်ကူး တံတား (ဒါတ်တား) အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ကြသည်။

          နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် အိန္ဒိယသမ္မတနိုင်ငံ၏ ဒုတိယအကြိမ် အထောက်အပံ့ ရန်ပုံငွေဖြင့် ချင်းပြည်နယ်တွင်  လမ်း/တံတားလုပ်ငန်း (၁၃)ခု၊ ပညာရေးလုပ်ငန်း (၃)ခု၊ စုစုပေါင်း လုပ်ငန်း(၁၆)ခုအား ခွင့်ပြုငွေကျပ်(၃၉၇၆.၃၆၁)သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့ပြီး တတိယအကြိမ် အိန္ဒိယသမ္မတနိုင်ငံ၏ အထောက်အပံ့ရန်ပုံငွေဖြင့်လည်း လမ်း/တံတားလုပ်ငန်း (၉) ခု၊ ပညာရေးလုပ်ငန်း (၅) ခု၊ စုစုပေါင်းလုပ်ငန်း(၁၄)ခုအား ငွေကျပ်(၃၆၈၇.၆၂၉၈)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ     ကြောင်း သတင်းရရှိသည်။